ရှုခင်းသာဥယျာဉ်အကြောင်း မိတ်ဆက်


Rehai မီးတောင် ခရီးသွားနယ်မြေသည် တရုတ်နိုင်ငံ၏ အနောက်တောင်ပိုင်း နယ်စပ်မြို့ ထိန်ချုံးတွင် တည်ရှိပါသည်။ ၂၀၁၆ ခုနှစ်တွင် ထိန်ချုံး Rehai မီးတောင် ခရီးသွားနယ်မြေသည် အမျိုးသား 5A အဆင့် ရှုခင်းသာဥယျာဉ်အဖြစ် အကဲဖြတ်မှုကို အဆင်ပြေချောမွေ့စွာ အောင်မြင်ခဲ့ပြီး တစ်နိုင်ငံလုံးတွင် တမူထူးခြားသော မီးတောင် ရေပူစမ်းအရင်းအမြစ် ထူးခြားလက္ခဏာရှိသည့် အမျိုးသားအဆင့် 5A ရှုခင်းသာဥယျာဉ် ဖြစ်လာပါသည်။ လက်ရှိတွင် ခရီးသွားနယ်မြေအတွင်း Rehai မီးတောင်အား လည်ပတ်ကြည့်ရှုခြင်း၊ Rehai ရေပူစမ်းတွင် အနားယူအပန်းဖြေခြင်း၊ Rehai ရေပူစမ်း အဆင့်မြင့်အပန်းဖြေဟိုတယ်၊ ဘူမိအပူစွမ်းအင် ရေပူစမ်းစားသောက်ဖွယ်ရာများ၊ ရေပူစမ်းယဉ်ကျေးမှု တီထွင်ဖန်တီးမှုထုတ်ကုန်များ၊ မီးတောင်ရေပူစမ်း ဆေးကုသအပန်းဖြေမှု စသည့် ခရီးသွားလာရေးနှင့် ကျန်းမာရေး အပန်းဖြေအနားယူမှု စီမံကိန်းများကို အဓိကဆောင်ရွက်လျက်ရှိပါသည်။

ထိန်ချုံး Rehai မီးတောင်ခရီးသွားနယ်မြေ- မီးတောင်ရှုခင်းသာဥယျာဉ်

မီးတောင်ရှုခင်းသာဥယျာဉ်သည် မီးတောင်အမျိုးအစားများ စုံလင်ခြင်း၊ ပေါက်ကွဲသည့်ကာလ သစ်လွင်ခြင်း၊ မျိုးစိတ်များ ကြွယ်ဝခြင်းနှင့် ရှုခင်းများ ထူးခြားဆန်းကြယ်ခြင်း စသည့်ထူးခြားချက်များရှိပြီး မီးတောင် အထင်ကရရှုခင်းများ လည်ပတ်ကြည့်ရှုခြင်း၊ ပြင်ပတွင် အပန်းဖြေခြင်း၊ သဘာဝပတ်ဝန်းကျင်တွင် ကျန်းမာရေး အနားယူအပန်းဖြေခြင်း၊ ဘူမိဗေဒဆိုင်ရာ သိပ္ပံသုတေသနပြုလုပ်ခြင်း၊ အသိပညာပေးခြင်း တို့ပေါင်းစပ်ထားသည့် အထွေထွေ အမျိုးသားဘူမိဥယျာဉ် ဖြစ်ပါသည်။ ၎င်းကို ၂၀၁၆ ခုနှစ်တွင် Rehai မီးတောင်ခရီးသွားလာရေးနယ်မြေ၏ အရေးပါအစိတ်အပိုင်းအနေဖြင့် အမျိုးသား 5A ရှုခင်းသာဥယျာဉ်အဖြစ် အဆင့်သတ်မှတ်ခံရပါသည်။

အဓိကရှုခင်းသာများမှာ Dakong တောင် ၊ Xiaokong တောင် ၊ Heikong တောင် ၊ Shenzhu လျှိုမြောင် (တိုင်ပုံသဏ္ဍာန် ကျောက်ဆောင်အက်ကြား) ၊ Heiyu မြစ် စသည်တို့ဖြစ်သည်။ ရှုခင်းသာဥယျာဉ်အတွင်း ကတော့ချွန်ပုံစံမီးတောင် မှလွဲ၍ ကျန်နေရာများတွင် မီးတောင်ပေါက်ကွဲပြီးနောက် ချော်ရည်များ ဖုံးလွှမ်းနေခဲ့ပြီး ဘေးပတ်ဝန်းကျင်ရှိ မီးတောင် ဘူမိဗေဒမြေမျက်နှာသွင်ပြင်သည် စံပြုထိုက်ပေသည်။ Dakong တောင် ကတော့ချွန်မီးတောင်ထိပ်တွင်ရပ်၍ အဝေးသို့မျှော်ကြည့်ပါက ကျယ်ပြန့်လှသော ချော်ရည်စီးကြောင်းများနှင့် ချော်ရည်ကုန်းမြင့်များကို မျက်စိ တဆုံးမြင်တွေ့နိုင်ပါသည်။ ပို၍ဆန်းကြယ်ထူးခြားသည်မှာ မီးတောင် ဥယျာဉ်အတွင်းရှိ ကတော့ချွန်မီးတောင်များသည် “ခုနစ်စဉ်ကြယ်” ပုံသဏ္ဍာန် ဖြန့်ကျက်တည်ရှိနေခြင်းပင် ဖြစ်သည်။ ဝေဟင်မှ သို့မဟုတ် ဂြိုဟ်တုဓာတ်ပုံများမှ ငုံ့ကြည့်ပါက Heikong တောင် ၊ Dakong တောင် ၊ Xiaokong တောင် မီးတောင်သုံးလုံးသည် ခုနစ်စဉ်ကြယ်၏ ဇွန်းလက်ကိုင်ပုံစံ ဖြစ်တည်နေပြီး ၎င်းနှင့် မလှမ်းမကမ်းတွင် Jiaoshan တောင်၊ မြို့အဆောက်အအုံ၊ Datuan တောင်၊ Xiaotuan တောင် စသည့် မီးတောင်လေးလုံးသည် ဇွန်း၏ကိုယ်ထည်ပုံစံ ဖြစ်တည်နေရာ မြေပြင်ပေါ်တွင် ကောင်းကင်ယံမှ ခုနစ်စဉ်ကြယ် ရောင်ပြန်ဟပ်နေသည့်အလား သဘာဝတရားကြီးက ပေးစွမ်းသည့် ဆန်းကြယ် သောဖန်တီးမှုများကို အံ့သြမင်သက်သွားစေမိပါသည်။ မီးတောင်အုပ်စု၏ အရှေ့ဘက်ရှိ Longchuan မြစ်သည် မီးတောင် ချော်ရည်ကုန်းမြင့်၏ အစွန်းတလျှောက် ဖြတ်သန်းသွားပါသည်။ နှစ်ထောင်သောင်းများစွာ အဆက်မပြတ် စီးဆင်းနေသော ရေစီးကြောင်းသည် “Shenzhu လျှိုမြောင်” ၏ မျက်နှာဖုံးကို လှစ်ဟ၍ ယနေ့ လူသားများကို ပြသနေပါသည်။ “Shenzhu” ၏ သိပ္ပံအမည်မှာ တိုင်ပုံသဏ္ဍာန် ကျောက်ဆောင်အက်ကြား ဖြစ်သည်။ ပုံမှန်အားဖြင့် စုစည်းထားမှုပုံစံ ပျားအုံသဏ္ဍာန် အစီအရီရှိနေသော ထောင့်စွန်းများစွာဖြင့်ကျောက်တိုင်များ ဖြစ်ပါသည်။ အဆိုပါကျောက်တိုင်များသည် အများအားဖြင့် ထောင့်စွန်းခြောက်ခုရှိပြီး အချို့မှာ ထောင့်စွန်း ခုနစ်ခု၊ ထောင့်စွန်း ငါးခု သို့မဟုတ် လေးခု ရှိပါသည်။ အရွယ်အစားကြီးပါက အချင်း ၃ မီတာဝန်းကျင်ရှိပြီး အရွယ်အစားသေးပါက ၄ စင်တီမီတာသာ ရှိပါသည်။ Shenzhu လျှိုမြောင်၏ ကျောက်တိုင်များ၏အမြင့်မှာ ၁၀၀ မီတာကျော် မြင့်မားပြီး တည့်မတ်သောသဏ္ဍာန်၊ လဲနေသောသဏ္ဍာန်၊ အကွေးသဏ္ဍာန်နှင့် ဖြာထွက်သဏ္ဍာန် ကျောက်တိုင်များ ရှိပါသည်။ ကွေ့ကောက်နေသော ကျောက်တိုင်အက်ကြား များစွာရှိသောကြောင့်  Shenzhu လျှိုမြောင်တည်ရှိရာဒေသသည် “Qushi မြို့နယ်” (အကွေ့အကောက်များသော ကျောက်တုံးမြို့နယ်ဟု အဓိပ္ပါယ်ရသည်) ဟု အမည်တွင် ခဲ့ပါသည်။ Shenzhu လျှိုမြောင်သည် တရုတ်နိုင်ငံတွင် လက်ရှိအချိန်အထိ တွေ့ရှိခဲ့သည့် ပုံသဏ္ဍာန်ထူးခြားပြီး ပြည့်စုံစွာ ထိန်းသိမ်းထားသော၊ ဖြစ်တည်ခဲ့သည့် အချိန်ကာလ နီးကပ်သော ကျောက်တိုင်သဏ္ဍာန် ကျောက်ဆောင်အက်ကြားအုပ်စု ဖြစ်ပါသည်။

Shenzhu လျှိုမြောင်၏ နံဘေးတွင် ဥတုလေးပါးလုံး အနွေးဓာတ်ရှိနေပြီး တစ်စက္ကန့်လျှင် ရေ ၁၄၀၀ ကျော်လီတာအထိ စီးဆင်းနေသော မြေအောက်မြစ်တစ်စင်းသည် တောင်၏အလယ်ပိုင်းမှ အရှိန်အဟုန်ဖြင့် စီးဆင်းနေပါသည်။ စမ်းရေသည် ကြေးမုံကဲ့သို့ ကြည်လင်ပြတ်သားနေပြီး အေးမြချိုမြိန်လှကာ လီသီယမ်၊ ဆီလီကွန်၊ စထရွန်နီယမ် စသည့် လူ့ခန္ဓာကိုယ်အတွက် အကျိုးပြုသော အလွန်နည်းပါးသောဒြပ်စင်များ ပါဝင်ပါသည်။ နွေရာသီနှင့် ဆောင်းဦးရာသီတွင် ရေထွက်ပေါက်မှ မရေမတွက်နိုင်သော အမဲရောင်ငါးလေးများ ထွက်လာသောကြောင့် Heiyu မြစ် (အမဲရောင်ငါးလေးများမြစ်) ဟု အမည်တွင်ပါသည်။ Heiyu မြစ်သည် မီးတောင်ပေါက်ကွဲခြင်းမှ ထွက်လာသော ချော်ရည်များကြောင့် မြေအောက်မြစ် ပိတ်ဆို့သွားပြီး ဖိအားကြောင့် မြေပြင်သို့ ထွက်လာသော အပူချိန်နိမ့်သောရေပူစမ်းဖြစ်ပြီး မီးတောင်လှုပ်ရှားမှုကြောင့် ဖြစ်တည်လာသော လှပသည့်ရှုခင်းတစ်ခုလည်း ဖြစ်ပါသည်။

 

ထိန်ချုံး Rehai မီးတောင် ခရီးသွားနယ်မြေ - Rehai ရှုခင်းသာဥယျာဉ်

Rehai ရှုခင်းသာဥယျာဉ်သည် ထိန်ချုံးတွင် ဘူမိအပူစွမ်းအင်များ အစုဝေးဆုံးနေရာဖြစ်ပြီး တရုတ်နိုင်ငံ၏ ဘူမိအပူစွမ်းအင်ထွက်ရှိသော ဒေသကြီးသုံးခုအနက် တစ်ခုဖြစ်ပါသည်။ မင်မင်းဆက်၊ မန်ချူးမင်းဆက် ခေတ်ကာလတွင် “ကျယ်ပြန့်လှသော ရေပူစမ်း” ဟု ဂုဏ်သတင်းရှိခဲ့ပါသည်။ ဤနေရာ၏ ဘူမိအပူစွမ်းအင်ကို ဖော်ပြသည့် ထူးခြားလက္ခဏာများမှာ အပူငွေ့များ မှုတ်ထုတ်သည့်အပေါက်ဝ၊ အပူငွေ့များထွက်နေသည့် မြေပြင်၊ ပွက်ပွက်ဆူနေသော စမ်းချောင်း၊ ရေပန်း၊ ရေပူ အတွန့်ပုံစံ သတ္တုအနည်ထိုင်ခြင်း (sinter) နှင့် ရေပူပြီးပေါက်ကွဲခြင်း စသည်တို့ ဖြစ်ပြီး အပူစီးဆင်းမှုသည် တစ်နှစ်တာအတွင်း စံကျောက်မီးသွေး ၂၇ တန် လောင်ကျွမ်းမှုနှင့် ညီမျှပါသည်။ ယနေ့အချိန်အထိ မြေအောက် ၇ ကီလိုမီတာအနက်တွင် အချင်း ၁၅ ကီလိုမီတာခန့်ရှိသည့် ချော်ရည်စုဝေးနေသောနေရာက Rehai ရှုခင်းသာဥယျာဉ်အတွက် အပူစွမ်းအင်များ အဆက်မပြတ် ပံ့ပိုးပေးလျက်ရှိပါသည်။

Rehai ရေပူစမ်းသည် မီးတောင်ပုံစံ ရေပူစမ်းဖြစ်ပြီး Sulfur စမ်းချောင်း၊ Bicarbonate စမ်းချောင်း၊ Radon difluoride စမ်းချောင်းတို့ကို ကိုယ်စားပြုသည့် စမ်းချောင်းအမျိုးအစားဖြစ်ပြီး ရေအပူဓာတ် အလွန်မြင့်မားသော၊ ရေအရည်အသွေး အလွန်ပျော့ပျောင်းသော၊ သက်ရှိများနှင့် သင့်လျော်သော၊ သတ္တုစွဲဝင်မှု အလွန်မြင့်မားသော ထူးခြားချက်များရှိပါသည်။ ရေပူစမ်းအတွင်း free state ရွှေဒြပ်စင် ကြွယ်ဝပြီး "ရွှေရေကန်" ဟု ဂုဏ်သတင်းရှိကာ စမ်းချောင်းအရည်အသွေး အဆင့်သတ်မှတ်မှုသည် ပြည်တွင်း၌ အဆင့်မြင့်မားပါသည်။ ရှုခင်းသာဥယျာဉ်တွင် တရုတ်နိုင်ငံ၏ စံနှုန်းမီ ဆေးဘက်ဆိုင်ရာသုံး တွင်းထွက်စမ်း ၁၂ မျိုးအနက် ၈ မျိုး ရှိပါသည်။ အငွေ့ခံနိုင်ပြီး ရှူသွင်းနိုင်သော အပူချိန်မြင့် အငွေ့စမ်းချောင်းသည် ကမ္ဘာပေါ်တွင် ရှားပါးလှပြီး ပုံသဏ္ဍာန်အမျိုးမျိုးရှိသော ရေပူစမ်းဟု ခေါ်ဝေါ်ကြသည်။ ယနေ့အချိန်အထိ အရပ်ထဲတွင် “လာတဲ့အခါ ဝေါယာဉ်စီးကာ ချိုင်းထောက်တင်လာရပြီး ပြန်တဲ့အခါ ခေါင်းမော့ရင်ကော့ပြီး လမ်းလျှောက်သွားနိုင်တယ်” ဟူသော စကားပုံကို လက်ဆင့်ကမ်းပြောကြား နေဆဲဖြစ်သည်။

ထိန်ချုံး Rehai မီးတောင် ခရီးသွားနယ်မြေ - Rehai ရေပူစမ်း

Yugu ရေပူစမ်းကို တောင်ကိုအမှီပြုနေသည့်မြေအနေအထားတွင် တည်ဆောက်ထား ပါသည်။ Yugu ၏ အဆောက်အအုံသည် ၁၀၅၃၀ စတုရန်းမီတာ ကျယ်ဝန်းပါသည်။ ဥယျာဉ်အတွင်း ဖန်တီးထားသောရှုခင်းများမှာ ၄၆၈၉ စတုရန်းမီတာ ကျယ်ဝန်းပြီး တောင်ကြားတွင် တန်ဆောင်း၊ စင်မြင့်၊ အထပ်အဆောက်အအုံ၊ ဇရပ် တို့ရှိပါသည်။ တံတားလေးနှင့် ရေစီးဆင်းနေပြီး သစ်ပင်ပန်းမန်များဖြင့် ရှင်သန်မှုခွန်အားများ ပြည့်ဝနေပါသည်။ ရေကန် ၂၂ ကန်၊ ကိုယ်ရေးကိုယ်တာလုံခြုံမှုရှိသည့် သီးသန့်အိမ်ခန်း ၈ ခန်း၊ သဘာဝအတိုင်း ဘူမိအပူစွမ်းအင်များ ထုတ်လွှတ်နေသော နေရာနှစ်ခုတို့ဖြင့် အလှဆင်ပုံဖော်ထားရာ အဆောက်အအုံနေရာချထားမှုတစ်ခုလုံးနှင့် Rehai ၏ သဘာဝရှုခင်းများကို သဘာဝအတိုင်း ပေါင်းစပ်နေစေပါသည်။ ရေပူစမ်း SPA ယဉ်ကျေးမှုနှင့် ဥယျာဉ်အနုပညာတို့ဖြင့် အရောင်အသွေးစုံလင်ကြွယ်ဝနေသည့် လှပသော ပန်းချီကားချပ်သဖွယ် ဖြစ်တည်နေပြီး စစ်မှန်သော တောင်ကြားမှ ရေပူစမ်း ကျန်းမာရေးလိုက်စားမှုကမ္ဘာလေးတစ်ခု ဖြစ်နေပါသည်။

မိန်းမလှရေကန်ရေပူစမ်းကို နတ်ဒေဝါရေချိုးကန်ဟုလည်း ခေါ်ကြသည်။ ၎င်းသည် တောင်များဝန်းရံထားသော Rehai ရှုခင်းသာဥယျာဉ်၏ အလယ်ပိုင်းတွင် တည်ရှိပါသည်။ တောင်ကုန်းပေါ်တွင် ဗုံသံတညံညံစမ်းချောင်း၊ ပုလဲစမ်းချောင်း၊ သားဆုပန်ရေတွင်း၊ ညီအစ်မစမ်းချောင်း စသည့် ရှုခင်းသာဥယျာဉ်တွင်းရှိ ပွက်ပွက်ဆူနေသော စမ်းချောင်းများသည် သဘာဝအတိုင်း ထွက်ရှိစီးဆင်းနေပြီး တောင်ကုန်းအောက်သို့ စီးဆင်းလာပြီးနောက် သဘာဝအတိုင်း အပူချိန်လျော့ကျလာပြီး စုဝေးလာခြင်းဖြစ်သည်။ စမ်းရေသည် စမ်းချောင်းအရင်းအမြစ်များစွာ၏ အနှစ်သာရများကို စုပ်ယူထား သောကြောင့် ရေအရည်အသွေး ပျော့ပျောင်းနူးညံ့ကာ အသားအရေလှပစေသော၊ လေနှင့် စိုစွတ်မှုကို ဖယ်ရှားပေးသော အာနိသင်ရှိပါသည်။ ရေပူစမ်းအတွင်း သဘာဝရေပူစမ်းရေကူးကန် တစ်ကန်၊ တောင်များကို အမှီပြု၍ တည်ဆောက်ထားသော ကျောက်လိုဏ်ဂူရေကန် လေးကန်၊ သဘာဝလဟာပြင် ရေပူစမ်းရေကန် သုံးကန်၊ သီးသန့် VIP ရေပူစမ်းရေကန် နှစ်ကန် ရှိပါသည်။ မြို့ပြ၏ ဆူညံသံများကို မေ့ပျောက်သွားစေပြီး စိတ်တိုင်းကျ အပန်းဖြေနိုင်သည့် သဘာဝ SPA သုခဘုံတစ်ခု ဖြစ်ပါသည်။

Rehai ရေပူစမ်းသည် ထိန်ချုံး၏ ထူးခြားသော ဒေသခံ သဘာဝအရင်းအမြစ်များနှင့် ရေပူစမ်းစိမ်ခြင်းယဉ်ကျေးမှုကို အခြေခံပြီး တရုတ်တိုင်းရင်းဆေး၏ ကျန်းမာရေး လိုက်စားမှုနှင့် တမူထူးခြားသော SPA ကျန်းမာရေးလိုက်စားမှု သဘောတရားကို ပေါင်းစပ်ထားကာ Rehai ရေပူစမ်း “အဆင့်ရှစ်ဆင့် ကုသမှုငါးခု” ရေပူစမ်း ရေစိမ်ခြင်းကို ဖန်တီးထားပါသည်။ Rehai ရေပူစမ်းတွင် လာရောက်ရေစိမ်ကြသော ဧည့်သည်များသည် Rehai ရေပူစမ်း၏ အဆင့်ရှစ်ဆင့် ကုသမှုငါးခု၏ လမ်းညွှန်မှုအောက်တွင် ရေပူစမ်း ကျန်းမာရေးလိုက်စားမှု လုပ်ငန်းစဉ်များကို ပြီးမြောက်နိုင်ပြီး ကုသမှုဖြင့် ရေပူစမ်း၏ ဆေးကုသအပန်းဖြေမှု အကျိုးအာနိသင်ကို ရရှိနိုင်ပါသည်။

Rehai ကျောက်စိမ်းရေပူစမ်း ရေပူစမ်းဗီလာဟိုတယ်သည် ပန်းချီကားချပ်သဖွယ် လှပနေသော Rehai ရှုခင်းသာဥယျာဉ်အတွင်း တည်ရှိပါသည်။ အဆိုပါဟိုတယ်ကို ၂၀၁၁ ခုနှစ် ဇန်နဝါရီလတွင် ဖွင့်လှစ်ခဲ့ပြီး “မိသားစုတစ်စုလျှင် အိမ်တစ်အိမ်၊ ရေကန်တစ်ကန်” ဆောက်လုပ်ရေးသဘောတရားဖြင့် ဆောက်လုပ်ထားသော အဆင့်မြင့် ရေပူစမ်း ဗီလာဟိုတယ် ဖြစ်ပါသည်။ ၂၄ နာရီ သီးသန့် Butler ဝန်ဆောင်မှုက ဧည့်သည်များအား ရေပူစမ်းတွင် အားလပ်ရက်အပန်းဖြေမှုကို အပူအပင်ကင်းစွာ ခံစားနိုင်စေပါသည်။ ဟိုတယ်၏ စုစုပေါင်းအဆောက်အအုံဧရိယာသည် ၉၅၁၂.၃ စတုရန်းမီတာရှိပြီး အတွင်း၌ လူ ၆၀ ဝင်ဆံ့သော၊ လူ ၉၀ ဝင်ဆံ့သော အစည်းအဝေးခန်းမ ၁ ခန်းစီနှင့် ရေပူစမ်း အနောက်တိုင်းစားသောက်ဆိုင်တစ်ဆိုင် ရှိပါသည်။ နှစ်ခန်းတွဲလုံးချင်းအိမ် ၁၆ လုံးရှိပြီး တစ်ခန်းတည်းလုံးချင်းအိမ် ၃ လုံး၊ presidential suite အခန်း ၁ ခန်း တို့ရှိကာ လူ ၁၃၀ ကျော် တပြိုင်နက်တည်း တည်းခိုနိုင်ပါသည်။

ကျန်းမာရေးလိုက်စားမှုအဆောင်သည် Rehai ရှုခင်းသာဥယျာဉ်တွင် တည်ရှိပါသည်။ စုစုပေါင်းဧရိယာ ၄၅၀၀ စတုရန်းမီတာ ကျယ်ဝန်းပြီး အဆောက်အုံ၏ဧရိယာ ၂၆၅၀ စတုရန်းမီတာ ကျယ်ဝန်းပါသည်။ စိမ်းလန်းသောတောင်ခြေအောက်နှင့် ထူထပ်သောသစ်တောများအကြားတွင် တည်ရှိပြီး ရေပူစမ်း အားလပ်ရက်အပန်းဖြေခြင်း၊ အနားယူခြင်း၊ ကျန်းမာရေးလိုက်စားခြင်း၊ ရုပ်ပိုင်းဆိုင်ရာကုထုံး တို့ပေါင်းစပ်ထားသော သဘာဝကျန်းမာရေးလိုက်စားမှု ရေပူစမ်းဟိုတယ် ဖြစ်ပါသည်။ ဟိုတယ်သည် ကြီးမြတ်ခြင်း၊ ကိုယ်ရေးကိုယ်တာလုံခြုံမှုရှိခြင်း၊ ဂေဟစနစ်၊ သီးသန့်တည်ရှိခြင်း ဟူသည့် လုပ်ငန်းလည်ပတ်မှုသဘောတရားကို လိုက်နာပါသည်။ ကိုယ်ရေးကိုယ်တာ လုံခြုံမှုရှိသော အခန်း ၁၈ ခန်းလုံးမှာ တစ်ထပ်သစ်သားအဆောက်အအုံများ ဖြစ်ပြီး မီးတောင်ကျောက်များ ဖြင့် အလှဆင်ထားပါသည်။ စိမ်းလန်းသောရှုခင်းများဖြင့် ဖြန့်ကျက်ထားပြီး ယနေ့ခေတ်လူများ မြို့ပြ၏ ဆူညံစိတ်ရှုပ်မှုများနှင့် ကင်းဝေးရာ တောင်တန်းများကြားတွင် နားခိုနိုင်သည့် ရေပူစမ်းဘုံဗိမာန်ကြီး ဖြစ်ပါသည်။

မိန်းမလှရေကန် ရေပူစမ်းဟိုတယ်သည် အဓိကရှုခင်းသာနေရာ၊ ခရီးသွားအပန်းဖြေနေရာ Rehai ရှုခင်းသာဥယျာဉ်တွင် တည်ရှိပါသည်။ ၂၀၁၀ ပြည့်နှစ် အောက်တိုဘာလ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့ပြီး ခရီးသွားအပန်းဖြေရေပူစမ်းဟိုတယ် ဖြစ်ပါသည်။ ဟိုတယ်သည် စိမ်းလန်းစိုပြည်သော တောင်တန်းများအကြား၊ တမူထူးခြားသော ပွက်ပွက်ဆူ‌ေစမ်းချောင်းရှုခင်းသာအတွင်း တည်ရှိပါသည်။ မိန်းမလှရေကန် ရေပူစမ်းရေချိုးကန်နှင့် ကပ်လျက်တည်ရှိသည်။ ဟိုတယ်တွင် အခန်းမျိုးစုံ ၅၂ ခန်းရှိပြီး သုံးထပ်လုံးချင်းအိမ် ၄ လုံး၊ ဧည့်ခန်း ပင်မအဆောင် ၁ လုံးဖြင့် ဖွဲ့စည်းထားပါသည်။ ဟိုတယ်တွင် ရေပူစမ်းစားသောက်ဆိုင်ရှိပြီး ဟိုတယ်တွင် တည်းခိုသည်နှင့် မိန်းမလှရေကန် ရေပူစမ်းတွင် ရေစိမ်နိုင်ပါသည်။ အတွင်း၌ လူ ၂၀ ဝင်ဆံ့သော အသေးစား အစည်းအဝေး ခန်းမ ထားရှိပြီး ဧည့်သည်များ၏ လိုအပ်ချက်အမျိုးမျိုးကို ဖြည့်ဆည်းပေးနိုင်ပါသည်။ Rehai ရေပူစမ်းကို စိတ်လက်ပေါ့ပါးစွာ ခံစားပြီး အပန်းဖြေအနားယူရန် အလွန် ကောင်းမွန်သော ဟိုတယ်ဖြစ်ပါသည်။

ရေပူစမ်း စားသောက်ဖွယ်ရာများ - Dagunguo စားသောက်ဆိုင်

Dagunguo စားသောက်ဆိုင်သည် တောင်များဝန်းရံနေသော Rehai ရှုခင်းသာဥယျာဉ်တွင် တည်ရှိပါသည်။ ဘေးပတ်ဝန်းကျင် သာယာလှပပြီး တေးသီငှက်သံများ၊ ပန်းသင်းရနံ့များ ပျံ့လွင့်နေရာ ဆွဲဆောင်မှုရှိသော ကမ္ဘာ့အပြင်ဘက်က သာယာလှပသောနေရာတစ်ခုကဲ့သို့ ဖြစ်တည်နေပါသည်။ နာမည်ကြီး ကြယ်ငါးပွင့်စားသောက်ဆိုင်ဖြစ်ပြီး ခေတ်မီ ဘက်စုံသုံးခန်းမသည် လူ ၃၀၀ ကျော်ကို တပြိုင်နက်တည်း ဧည့်ခံနိုင်ပါသည်။ အစားအစာသုံးဆောင်ရင်း သာယာနာပျော်ဖွယ် အဆိုအကဖျော်ဖြေမှုများကိုလည်း ရှုစားနိုင်ပါသည်။ ဧည့်ခံပွဲခန်းမတွင် လူ ၁၀၀ ကို တပြိုင်နက်တည်း ဧည့်ခံနိုင်ပါသည်။ ဥယျာဉ်ရှုခင်းကြည့်ရင်း စားသုံးနိုင်သည့် VIP သီးသန့်ခန်း ၇ ခန်းတွင် လူ ၁၂၀ ကို တပြိုင်နက်တည်း ဧည့်ခံနိုင်ပါသည်။ အဆိုပါစားသောက်ဆိုင်သည် အများဆုံး လူ ၅၀၀ ကို တပြိုင်နက်တည်း ဧည့်ခံနိုင်ပြီး ခရီးသွားအဖွဲ့များကို ကြိုဆိုလက်ခံနိုင်ကာ အစည်းအဝေး၊ ယာယီရေပူစမ်းအထူးစားသောက်ဖွယ်ရာများကို စီစဉ်ပေးနိုင်ပါသည်။

ဘူမိအပူစွမ်းအင်ဖြင့် ချက်ပြုတ်ထားသည့် ဆန်းကြယ်သောဟင်းလျာများ -

“ထင်းမီးဖိုမလို၊ ကြော်လှော်ရန်မလိုဘဲ သဘာဝဘူမိစွမ်းအင်ဖြင့် ချက်ပြုတ်နိုင်သည်။” Rehai ရေပူစမ်း ဘူမိအပူစွမ်းအင်ဖြင့် ချက်ပြုတ်ထားသည့် အစားအစာများကို ထိန်ချုံးရှိ မီးတောင်ပြာများ ဖုံးလွှမ်းနေသော မြေသြဇာကောင်းမွန်သည့်မြေမှ ရရှိပြီး Rehai မီးတောင်ကုမ္ပဏီနှင့် မီးတောင်မြေဆီလွှာ စားသောက်ကုန် စိုက်ပျိုးမွေးမြူရေး လယ်သမားများက ကန်ထရိုက်ယူထုတ်လုပ်ပေးပါသည်။ ကောင်းမွန်သော သဘာဝပတ်ဝန်းကျင်နှင့် မြေဆီလွှာပတ်ဝန်းကျင်က အစားအစာများ၏ ရိုးရှင်းပြည့်ဝသည့် ရသာမွန်ကို ပေးစွမ်းနေပါသည်။ အပူချိန်မြင့်သော ဘူမိအပူစွမ်းအင် ရေပူစမ်းများဖြင့် ချက်ပြုတ်စဉ်အတွင်း ရေပူစမ်းတွင်ပါဝင်သော ကျန်းမာရေးနှင့်ညီညွတ်သည့် သတ္တုဓာတ်များ၊ အဏုဇီဝသက်ရှိများနှင့် မိုက်ခရိုဝေ့ အာနိသင်များက အစားအစာများကို Molecular gastronomy အဆင့်နီးပါး တမူထူးခြားသော လတ်ဆတ်ကောင်းမွန်သည့် အရသာများ ပေးစွမ်းနေပါသည်။